ကျန်းမာရေး ဆိုးဝါး၍ ဂျပန်ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်မယ်

ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်တဲ့ ရှင်ဇိုအာဘေးဟာ ကျန်းမာရေး ဆိုးဝါးလာနေတာကြောင့် ရာထူးကနေ အနားယူတော့မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ တတိယ စီးပွားရေး အကြီးဆုံး ဂျပန်နိုင်ငံကို ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင်၊ ကာကွယ်ရေးစွမ်းရည် ပိုမို မြင့်မားအောင်၊ ကမ္ဘာမှာ ပုံရိပ် ပို ကောင်းအောင် ပဲ့ကိုင်နေတဲ့ တာဝန်ကို ရှင်ဇိုအာဘေးအနေနဲ့ အဆုံးသတ်တော့ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

“ဝန်ကြီးချုပ် အာဘေး ရာထူးက နုတ်ထွက်မှာဟာ သဘောတူညီယူ ဆုံးဖြတ်ချက် ချပြီးဖြစ်ပါတယ်။”လို့ အာဘေးရဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP က အကြီးတန်းတာဝန်ရှိသူတစ်ဦးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ရှင်ဇိုအာဘေးဟာ ရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ချက် ချပြီးကြောင်း ပြည်တွင်းမီဒီယာတွေကလည်း ဖော်ပြကြပါတယ်။
ညနေ ၅ နာရီမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ ဝန်ကြီးချုပ် အာဘေးက စီစဉ်ထားပါတယ်။

Ads

ရှင်ဇိုအာဘေးဟာ အူမရောင်နာရောဂါကို နှစ်အတော်ကြာ ခံစားနေရတာ ဖြစ်ပြီး မကြာသေးခင်က တစ်ပတ်အတွင်းမှာ ဆေးရုံနှစ်ခါ ရောက်ရှိခဲ့ပါတယ်။
ဒါကြောင့် အာဏာရပါတီခေါင်းဆောင်အဖြစ် ၂၀၂၁ စက်တင်ဘာမှ သက်တမ်းကုန်ဆုံးမယ့် သူ့ရဲ့ ဝန်ကြီးချုပ် တာဝန်ကို သက်တမ်းပြည့် ထမ်းဆောင်နိုင်မလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ရာထူးကနေ ရုတ်တရက် နုတ်ထွက်တာကြောင့် ပြဿနာတွေ ဖြစ်ပေါ်မှာကို ရှင်ဇိုအာဘေးက မလိုလားပေမယ့် သူ့ ကျန်းမာရေးက ဘေးအန္တရာယ်ဖြစ်လောက်အောင် ဆိုးဝါးနေတာကြောင့် ဖြစ်တယ်လို့ Jiji သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Rf; Reuters
Writer_ မောင်သံဆင့်(XYZ News)

XYZ News သတင်းမီဒီယာကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ တွင် စတင်ထူထောင်ခဲ့ပြီး အစိုးရပြန်ကြားရေးဝန်ကြီးဌာနက သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် (၀၀၂၇၁) ရရှိခဲ့ကာ တရားဝင်သတင်းမီဒီယာလုုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။