ထိုင်းမှ ငါးသယ်လှေဖြင့် တရားမဝင် ဝင်ရောက်လာသူများကို ကော့သောင်းတွင် ဖမ်းမိ

ထိုင်းနိုင်ငံကနေ ငါးသယ်လှေနဲ့ တရားမဝင် ဝင်ရောက်လာသူတွေကို သြဂုတ် ၂၆ ရက် ညနေပိုင်းက အချိန်မီ တားဆီးထိန်းသိမ်းလိုက်တယ်လို့ ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့က သိရပါတယ်။

အဆိုပါလှေဟာ မြိတ်မြို့ကနေ ငါးတွေသယ်ဆောင်လာပြီး ထိုင်းနိုင်ငံ ရနောင်းမြို့သို့ တရားမဝင်သွားရောက်ရောင်းချခဲ့ကာ ငါးဂိုဒေါင်မှာ ဆိုက်ကပ်ထားစဉ် ထိုင်းနိုင်ငံမှာနေတဲ့ ကိုဖြိုးမောင်ဆိုသူက တရားမဝင်လိုက်ပါမယ့်သူ ၅ ဦးကို ထည့်ပေးလိုက်တာဖြစ်ပါတယ်။

Ads

ထိုင်းရေပြင်မှ ကော့သောင်းရေပြင် မွေတော်ကျွန်းအရှေ့ဘက်သို့ လှေတစ်စီး မသင်္ကာဖွယ် မောင်းနှင်လာတာကို ပါချန်မြစ်ကြောင်းမှာ ကင်းလှည့်နေတဲ့ ရေကြောင်းရဲတပ်ဖွဲ့ ရဲရေယာဉ် (၁၆၃)ကတွေ့ရှိပြီး ထပ်ကြပ်မကွာလိုက်ရာမှာ အဆိုပါလှေဟာ ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက်၊ ကမ်းနီးငါးအဝယ်ဒိုင်ရှေ့သို့ ဆိုက်ကပ်စဉ် ရွှေဟင်္သာရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ပူးပေါင်းအဖွဲ့တွေက သွားရောက် စစ်ဆေးခဲ့တာပါ။

စစ်ဆေးရာမှာ လှေသား ၁၁ ဦးနဲ့ တရားမဝင်ခိုးတင်ဆောင်လာတဲ့ ခရီးသည် ၅ ဦးကို တွေ့ရှိခဲ့တယ်လို့ ကော့သောင်းရေကြောင်း ရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ရဲမှူး ရဲမင်းထက်က ပြောပါတယ်။

လက်ရှိမှာ လှေသား ၁၁ ဦးနဲ့ ထိန်းသိမ်းခံရသူ ၅ ဦး ကို ၂၁ ရက် Quarantine ထားရှိမှာဖြစ်ပြီး ဒီနောက်မှာ သူတို့ကို ငါးလုပ်ငန်း ဥပဒေ၊ လဝကဥပဒေတွေနဲ့ ဆက်လက်အရေးယူသွားမယ်လို့ မြို့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း- လတ်ကိုကိုဦး

( ယခုဖော်ပြပါသတင်းကို DVB Multimedia Group ထံမှ တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြပါသည် )

XYZ News သတင်းမီဒီယာကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ တွင် စတင်ထူထောင်ခဲ့ပြီး အစိုးရပြန်ကြားရေးဝန်ကြီးဌာနက သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် (၀၀၂၇၁) ရရှိခဲ့ကာ တရားဝင်သတင်းမီဒီယာလုုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။