တောင်ငူ အထက်တန်းကျောင်းသူ၏အိမ်သားတဦး ကိုဗစ်တွေ့၊ မိသားစုကို အသွားအလာကန့်သတ်

တောင်ငူမြို့နယ်က အထက်တန်းကျောင်းသူတယောက်ရဲ့ အတူနေအိမ်သားတယောက်မှာ ကိုဗစ်-၁၉ တွေ့ရပြီးနောက်ပိုင်း သူတို့မိသားစုကို အသွားအလာကန့်သတ်စောင့်ကြည့်ထားပါတယ်။

တောင်ငူ တပ်နယ်မြေမှာရှိတဲ့ နတ်စင်ကုန်းအထက်တန်းကျောင်းက ဒသမတန်းကျောင်းသူတယောက်ရဲ့ အိမ်မှာ ကိုဗစ်-၁၉ လူနာတွေ့ခဲ့ရတာပါ။

Ads

လူနာဟာ သြဂုတ် ၁၆ ရက်မှာ စစ်တွေမြို့ကနေ ပြန်ရောက်လာပြီး သြဂုတ် ၂၆ ရက်မှာမှ အသွားအလာကန့်သတ်ခံရပြီးနောက် သြဂုတ် ၂၈ ရက်မှာ အတည်ပြုလူနာအမှတ် ၆၀၆ ဖြစ်လာခဲ့ပါတယ်။

ကျောင်းသူဟာ လူနာနဲ့ တအိမ်တည်းမှာ ၁၀ ရက်အတူနေခဲ့ရပြီး သြဂုတ် ၁၇ ရက်ကနေ ၂၁ ရက်အထိ ကျောင်းတက်ခဲ့ပါတယ်။

အဲဒီကျောင်းသူနဲ့ တခန်းတည်းမှာ စာသင်ကြားတာက ကျောင်းသူ ကျောင်းသား ၂၁ ယောက်ရှိပြီး သူတို့ကို သင်ကြားပေးတဲ့ ဆရာ ဆရာမ ၆ ယောက်ရှိပါတယ်။

တောင်ငူခရိုင်ပညာရေးမှူး ဒေါက်တာနော်ဥမ္မာထွန်းက “ကျောင်းသူရဲ့ မိသားစုကတော့ Quarantine ဝင်နေရပါတယ်။ တခန်းတည်း ကျောင်းသားတွေကိုတော့ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လုပ်ပါလို့ ကျောင်းအုပ်ချုပ်ရေးကို ပြောထားပါတယ်။ အခုအထိကတော့ ဘာဆက်လုပ်ထားတယ်ဆိုတဲ့ သတင်းပို့လာတာ မရှိသေးပါဘူး” လို့ ပြောပါတယ်။

ဒီဗွီဘီက စုံစမ်းကြည့်သလောက်တော့ အဲဒီကျောင်းသားကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေကို အသွားအလာကန့်သတ်ဖို့ ညွှန်ကြားလာတာမရှိသေးဘူးလို့ သိရပါတယ်။

ကျောင်းခန်းတွေမှာ ၆ ပေပတ်လည်အကွာစီ နေကြရသလို မုန့်စားတာ၊ စာရေးကိရိယာ ငှားတာမလုပ်ရဘဲ နှာခေါင်းစည်းနဲ့ မျက်နှာအကာလည်း မဖြစ်မနေ တပ်ကြရတယ်လို့ ဒေါက်တာ နော်ဥမ္မာထွန်းက ပြောပါတယ်။

ပြီးတော့ အဲဒီကျောင်းသူဟာလည်း အဖျားအနာမရှိသလို ကျောင်းမှာလည်း နေ့တိုင်း အပူချိန်တိုင်းလေ့ရှိတယ်လို့လည်း ပြောပါတယ်။

( ယခုဖော်ပြပါသတင်းကို DVB Multimedia Group ထံမှ တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြပါသည် )

XYZ News သတင်းမီဒီယာကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ တွင် စတင်ထူထောင်ခဲ့ပြီး အစိုးရပြန်ကြားရေးဝန်ကြီးဌာနက သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် (၀၀၂၇၁) ရရှိခဲ့ကာ တရားဝင်သတင်းမီဒီယာလုုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။