တောင်တရုတ်ပင်လယ်မှာ အမေရိကန်ရေတပ်နဲ့လေတပ်ရဲ့ရန်စတဲ့အပြုအမူတွေ ချက်ချင်းရပ်ဖို့ တရုတ်သတိပေး

တောင်တရုတ်ပင်လယ်က အငြင်းပွားကျွန်းတွေကနေ အမေရိကန်စစ်သင်္ဘောတစ်စီးကို မောင်းထုတ်ခဲ့ကြောင်း တရုတ်စစ်တပ်က ပြောပါတယ်။အင်အားကြီး နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်မားနေချိန်မှာ တောင်တရုတ်ပင်လယ်က ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ အထိအခိုက်မခံတဲ့ ဧရိယာတွေကနေ ဝေးအောင်နေဖို့ နှစ်ဖက်စလုံးက စစ်သံပေးလျက် ရှိနေတာလည်း ဖြစ်ပါတယ်။

တရုတ်လို ကျိရှားလို့ ခေါ်ပြီး ဗီယက်နမ်လို ဟောင်ဆာလို့ ခေါ်တဲ့ နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်ကြောင်း အတည်ပြုထားတဲ့ ပါရာဆဲလ်ကျွန်းစုကမ်းလွန်က တရုတ်ရေပိုင်နက်ထဲ Arleigh Burke အမျိုးအစား ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Mustin ဝင်ရောက်လာခဲ့တာ ဖြစ်တယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် တောင်ပိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရသူ အကြီးတန်း ဗိုလ်မှူးကြီး လီဟွာမင်က ပြောပါတယ်။

Ads

ခုလို အမေရိကန်ရဲ့ လုပ်ဆောင်ချက်ကို တုံ့ပြန်ပြီး တရုတ်ဟာ အမေရိကန်စစ်သင်္ဘော အဝေးကို ထွက်ခွာဖို့ ရေကြောင်း၊ လေကြောင်းကနေ သတိပေးခဲ့တယ်လို့ ဗိုလ်မှူးကြီး လီဟွာမင်က ဆိုပါတယ်။

တောင်တရုတ်ပင်လယ်နဲ့ စပ်ဆက်ရေပြင်ဟာ တရုတ်ရဲ့ အချုပ်အခြာပိုင် ဖြစ်တယ်ဆိုတာ စောဒကတက် ငြင်းစရာ မရှိကြောင်း လီက ထပ်လောင်းပြောပြီး ဒီ နယ်မြေဒေသမှာ အမေရိကန်တပ်တွေရဲ့ စစ်ရေးဆောင်ရွက်မှုတွေကို ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
အမေရိကန်လုပ်ရပ်ဟာ တရုတ်ရဲ့ အချုပ်အခြာနဲ့ လုံခြုံရေးအကျိုးစီးပွားကို စိန်ခေါ်နေသလို တောင်တရုတ်ပင်လယ်က နိုင်ငံတကာရေကြောင်းဥပဒေကိုလည်း ချိုးဖောက်ရာရောက်တယ်လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့ အမေရိကန်ကို ခုလို ရန်စတဲ့ အပြုအမူတွေ ချက်ချင်းရပ်ဖို့ တိုက်တွန်းတယ်။ ရေတပ်နဲ့ လေတပ် စစ်ရေးလှုပ်ရှားမှုတွေကို တင်းကြပ်ထိန်းချုပ်ဖို့နဲ့ ဘယ်လို မတော်တဆမှုမျိုးကို မဆို ရှောင်ရှားဖို့ တိုက်တွန်းတယ်။”လို့ လီက ပြောပါတယ်။

ဒါပေမယ့် တရုတ်ရဲ့ ပြောဆိုချက်ကို အမေရိကန်က ငြင်းဆန်ပါတယ်။ “တရုတ်ပြည်သူ့စစ်တပ်ရဲ့ အခု မစ်ရှင်ဆိုတဲ့အကြောင်း ထုတ်ပြန်ချက်ဟာ အလိမ်အညာပဲ ဖြစ်တယ်။ USS Mustin ဟာ ဘယ်နိုင်ငံရဲ့ ပိုင်နက်ထဲကိုမှ မဝင်ရောက်ခဲ့ဘူး။”လို့ အမေရိကန် ပစိဖိတ်ရေတပ်စု ပြောခွင့်ရသူ ရေတပ်ဗိုလ်ကြီး ဂျိမ်းအဒမ်က ပြောခဲ့ပါတယ်။

Rf; Newsweek
Writer_ မောင်သံဆင့်(XYZ News)

XYZ News သတင်းမီဒီယာကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ တွင် စတင်ထူထောင်ခဲ့ပြီး အစိုးရပြန်ကြားရေးဝန်ကြီးဌာနက သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် (၀၀၂၇၁) ရရှိခဲ့ကာ တရားဝင်သတင်းမီဒီယာလုုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။